Thursday, February 26, 2009

ဆက်မရေးဖြစ်တဲ့ကဗျာ

ဆက်မရေးဖြစ်တဲ့ကဗျာ

ရည်မှန်းချက်တွေအားလုံး မဖြစ်နိုင်တော့ဘူးလို့

ခံစားလိုက်ရတဲ့အခါ၊

မသိစိတ်ရော သိစိတ်မှာပါ

မမှိတ်မသုံယုံကြည်ထားရတဲ့ အိပ်မက်တွေ

နစ်မြုပ်ပျောက်ဆုံးတော့မယ့် ခဏတာ၊

အခြေအနေကြီးတစ်ရပ်ရဲ့ ပိတ်ဆို့ကာဆီး

အဝေးကြီးပါကွာလို့ လက်ခံလိုက်ရတဲ့အခါ၊

ဒါတွေဟာ မင်းရဲ့လက်နဲ့ ဖန်တီးရမယ့်

အရေးမဟုတ်ပါဘူး (သို့) ဒါတွေဟာ မင်းလိုလူရဲ့ အရည်အချင်းနဲ့တော့

ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့ ကိုယ့်အတ္တနဲ့ကိုယ် သရော်ဟားတိုက်ခံလိုက်ရတဲ့အခါ၊

လက်သီးပုန်း တပြင်ပြင်နဲ့ တသက်လုံးသွေးလာတဲ့ဓါးတစ်လက်

မြင့်မိုရ်တောင်အတွက်တော့ အစွမ်းမထက်ပါဘူးလို့ လက်ခံလိုက်ရတဲ့အခါ၊

ခါးသီးနာကျည်းမှုရဲ့ အနက်ရှိုင်းဆုံးဒဏ်ရာတွေကို

ကုစားဖို့ရာ မတတ်နိုင်တော့ဘူးလို့ ခံစားလိုက်ရတဲ့အခါ၊

မြင်းတစ်စီး ဓါးတစ်လက်နဲ့ အမှန်တရားအတွက်ထွက်ခဲ့တဲ့

အလယ်ခေတ်သူရဲကောင်းတစ်ယောက်ရဲ့ စွန့်လွှတ်နိုင်မှုမျိုး

မလုပ်ဝံ့တော့တဲ့အခါ၊

မှန်တာလုပ်ခဲ့ပေမယ့် ဟုတ်တာပြောရဲတဲ့သတ္တိ

မရှိတော့တဲ့အခါ၊

အများအတွက် စွန့်လွှတ်အနစ်နာခံခြင်းဆိုတာ

မရင့်ကျက်သူတို့ နှလုံးသားကလာတဲ့ခံစားမှုလို့ ထင်မြင်လာတဲ့အခါ၊

(သို့) ကိုယ့်အတ္တကိုယ်ကို အခြားသောနည်းဖြင့်အရောင်တင်ခြင်းလို့

အထင်အမြင်သေးလာတဲ့အခါ (သို့) ကိုယ်ကျိုးစွန့်သည်ဖြစ်စေ ကိုယ်ကျိုးရှာသည်ဖြစ်စေ

ကိုယ့်အတ္တအတွက်ကိုယ်လုပ်ခြင်းလို့ ထင်မြင်လာတဲ့အခါ၊

မာနနဲ့ အတ္တမဖက်ဘဲ ရိုးရှင်းဖြူစင်စွာ

လောကကိုမဖြတ်သန်း နိုင်တော့တဲ့အခါ၊

ရင်ထဲကလာတဲ့ အတိုင်း စုတ်ချက်သွင်းပြီး

အရိုးခံနဲ့ အရုပ်ထင်အောင်မလုပ်နိုင်တော့တာ (သို့) အနုပညာစစ်စစ်

ဖြတ်သန်းစီးဆင်းမသွားနိုင်တော့တဲ့အခါ၊

ငါငိုတယ်၊

ငါရယ်တယ်၊

ငါတွေဝေတယ်၊

ငါလျှောက်မည့်လမ်းဟာ လွန်ခဲ့ပြီလား

ငါတို့ဟာ လူတွေကွ နော်… လူတွေပါကွလို့

အချင်းချင်းသတိပေးခဲ့သမျှ၊

ရှင်လျက်နဲ့ သေနေတဲ့ ကျောက်ရုပ်လို၊

အရှုံးပေးပြီးရင် သစ်တုံးလို လည်စင်းခံတဲ့

သွေးအေးသတ္တ၀ါလို၊

ငါဒီလို ဖြတ်သန်းနေမိရက်သား… ။

ငါဟာ ရှိတာလေးပွန်းမှာစိုးလို့ ဆက်မရင်းရဲတဲ့ကောင်၊

လေထဲကတိုက်အိမ်နဲ့ စိတ်ကူးယဉ်မိုးတိမ်ထက်က

အိမ်ယာမဲ့ အတွေးသမားသက်သက်၊

ကျားလှောင်အိမ် အမှောင်ခန်းထဲက ရုန်းမထွက်ရဲ

ငြိမ်ငြိမ်လေးထိုင်နေမှ အသက်မြဲမယ်လို့ လက်ခံလိုက်တဲ့ လူကြောက်၊

ရေးလက်စ ဒီကဗျာတစ်ပိုင်းတစ်စမှာ

ငါ့ကိုယ်ငါ တွေ့ရှိ

ဆက်မရေးဝံ့တော့တဲ့ စာကြောင်းများစွာ

………

…………

……………

တစ်ခါကငါ

……………………သေဆုံးခဲ့ပြီ။

Aniko

9 Jan 09

7:30 am

No comments:

Post a Comment