Wednesday, December 15, 2010

အချစ်အကြောင်းပြောရအောင်

အချစ်အကြောင်းပြောရအောင်

ဆိုတော့… မင်းကရယ်တယ်… ။

ဓာတ်ကြိုးအိုပေါ် ခိုတွေ နွမ်းနွမ်းဖျဖျ

မီးပွိုင့်မိနေတဲ့ ကားတန်းရှည်ကြီးကလည်း ပျင်းရိဖွယ်

ပွဲကြည့်သူ တိမ်တိုက်လေးရဲ့ အငေးမှာ

အလိုဆန္ဒတွေ လေးလံတက်ကြွ

လူအဖြစ်ရဲ့ လမ်းတွေကများမြောင်

ဒိန်ခဲရှာနေကြတဲ့ ပိုးကောင်လှိုင်းလုံးများ

ဆာလောင်မှုများ နေ့များ လူးလွန့် တွန့်လိမ် အိုးဖွဲ့အိမ်ဖွဲ့

မဆုံးနိုင်သော လှေကားများပေါ်မင်းနဲ့ငါ

မဆုံးနိုင်သော မုခ်ဦးများဖြတ်ကျော် မင်းနဲ့ငါ

ဒီလိုနဲ့ပဲ ငှက်တွေလို ပျံရင်း အသက်တွေကြီး

ဒီလိုနဲ့ပဲ မင်းနဲ့ငါ ကြံရင်း သေဆုံးသွား

ဘ၀ဆိုတာ ဓာတ်လှေခါး အခန်းထဲ

ကြုံကြိုက်တိုက်ဆိုင်မှု သက်သက်လား

ရုပ်ရှင်ကားတိုလေးထဲက ဖြတ်သွားဖြတ်လာ ဇတ်ပို့ဇတ်ရံ

ဒါပေမယ့် အချစ်အကြောင်းပြောတဲ့အခါ ငါတို့အသံဟာ

ကမ္ဘာတစ်ဆန့်ရှည်လျား မြစ်များ တသွင်သွင်

သစ်ရွက်လေးတွေလိုလည်း မဆုံစည်းချင်ပြန်ဘူး

လုပ်စရာရှိတာလုပ် ပြောစရာရှိတာတွေပြောပြီး

တစ်နေ့တာ

လာပါ… အချစ်အကြောင်းပြောရအောင်လို့

မိုးလေကင်းစင် စိတ်ထဲ လှိုင်းလေ ငြိမ်သက်

မျက်တောင်မခတ်စတမ်းပေါ့…။

အချစ်အကြောင်း ပြောကြရအောင်…

ဆိုတော့… မင်းကရယ်မှာလား… ။ ။

ခရောင်း

ရနံ့သစ်၊ Feb 2004

No comments:

Post a Comment